Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

UAB ဘဏ်က သိန်း ၂၀၀ လုသွားတဲ့ ဓါးပြကို ကြိုးဆွဲချသေနေတာ တွေ့ရှိ

 မန္တလေးမြို့ရှိ ယူနိုက်တက်အမရဘဏ်အား သေနတ်ကိုင်ဆောင်ပြီး ဓားပြတိုက်ခဲ့သူမှာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ကြောင်း ယနေ့(အောက်တိုဘာ ၁၉ ရက်) ည ၇ နာရီခွဲခန့်တွင် ရဲဇာနည်သတင်းစာမျက်နှာမှ ထုတ်ပြန်ခဲ့သည်။


မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ၁၁၃ လမ်းထောင့်ရှိ ယူနိုက်တက်အမရဘဏ်အား သေနတ်ကိုင်ဆောင်ထားသူ တစ်ဦးက ဝင်ရောက် ဓားပြတိုက်မှုတစ်ခု အောက်တိုဘာ ၁၅ ရက် ညနေ လေးနာရီခန့်က ဖြစ်ပွားခဲ့ရာ ‌ငွေများကိုယူဆောင်ပြီး ပါလာသောကားဖြင့် ထွက်ပြေးခဲ့ကာ ကားကို မီးရှို့၍ ဆက်လက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းမိနိုင်ရန် ရဲတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ရာ မသင်္ကာသူကို စောင့်ကြည့်မှုများ ပြုလုပ်နေစဉ် ယခုကဲ့သို့ သေကြောင်းကြံစည်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။


" ရဲဇာနည်က ထုတ်ပြန်တာဆိုရင် မှန်ပါတယ်ခင်ဗျ။ တိုင်း၊ ခရိုင်၊ အထူးအမှုစစ်အဖွဲ့၊ စီအိုင်ဒီ စတဲ့ အဖွဲ့တွေ အကုန်စစ်ဆေး စုံစမ်းနေတာပါ။ အစထဲက မသင်္ကာသူကို ခြေရာခံမိထားပေမယ့် သက်သေအထောက်အထား စတာတွေကြောင့် အကုန်ဘာမှပြောလို့ မရသေးတာပါ။ အခုလို သူသေကြောင်းကြံစည်သွားတာတွေ၊ ငွေတွေ စတာတွေကို ဆက်လက် စစ်ဆေးရအုံးမှာပါ။ ရဲလုပ်ငန်းစဉ်‌တွေ မပြီးသေးပါဘူး။ ခုသေကြောင်း ကြံစည်သွားသူက ဘဏ်မှာကျူးလွန်တဲ့သူဆိုတာ မှန်ပါတယ်။ ဆက်လက် ထုတ်ပြန်ပေးသွားပါမယ်"ဟု မန္တလေးတိုင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ပြောကြားခဲ့သည်။


ဘဏ်အား လုယက်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် 4D-5422 Mark II အဖြူရောင်ယာဉ်ကို ကားအတွင်း ထိုင်ခုံများအား ဓာတ်ဆီလောင်း မီးရှို့ထားပြီး ပြည်ကြီးတံခွန် မြို့နယ် (ခ) ရပ်ကွက်အတွင်းရှိ ဒူးကြားလမ်းပေါ်တွင် ယင်းနေ့ ညနေပိုင်းတွင် တွေ့ရှိရကြောင်း၊ ယာဉ်နှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ၎င်းယာဉ်သည် လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း၊ ယာဉ်အတွင်း ရှာဖွေရာ လေသေနတ်တွင် ထည့်သွင်းအသုံးပြုသည့် ဘောစေ့များနှင့် ယာဉ်ဒက်ရှ်ဘုတ်ပေါ်၌ “ကားရွှေ့လိုလျှင် ၀၉၆၇၆၇၆၇၅၆၁” ဟု ရေးထားသည့် စာရွက် တစ်ရွက်တွေ့ရကြောင်း၊ ယင်းဖုန်းနံပါတ်ကို စိစစ်ရာ ဖုန်းမှတ်ပုံတင်ထားသူမှာ အောင်ကျော်ထွန်း၊ မှတ်ပုံတင်အမှတ် ၅/ရဘန(နိုင်) ၁၇၈၀၁၁၊ ရွှေဘိုမြို့နေသူ ဖြစ်ကြောင်း သိရှိရသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်စုံစမ်းခဲ့ရာ ယင်းမှတ်ပုံတင် ကိုင်ဆောင်သူသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက မန္တလေးမြို့သို့ ပြောင်းရွှေ့နေထိုင်သည်ကို စုံစမ်းရရှိကြောင်း၊ မှတ်ပုံတင်နံပါတ်ကို အခြေခံ၍ ဆက်လက်စုံစမ်းခဲ့ရာ အောင်ကျော်ထွန်းသည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် နေထိုင်ကြောင်း အတည်ပြုရရှိ၍ ၎င်း၏ နေအိမ်သို့ အောက်တိုဘာလ ၁၆ ရက် ညတွင် စောင့်ကြည့်စိစစ်ရာ ထူးခြားလှုပ်ရှားမှု တစ်စုံတစ်ရာ မရှိကြောင်း၊ သို့ဖြစ်၍ နံနက်လင်းချိန်တွင် အိမ်အတွင်း ဝင်ရောက်စိစစ်ခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ ဇနီးဖြစ်သူသာ တွေ့ရှိရပြီး ယာဉ်ပေါ်တွင် တွေ့ရသော ဖုန်းနံပါတ် ၀၉၆၇၆၇၆၇၅၆၁ မှာ အောင်ကျော်ထွန်း၏ ဖုန်းနံပါတ် မှန်ကန်ကြောင်းနှင့် ယာဉ်မှာလည်း ၎င်းတို့ ဝယ်ယူထားသည့် ယာဉ်မှန်ကန်ကြောင်းကို အတည်ပြုစိစစ် ရရှိခဲ့ကြောင်း၊ အောင်ကျော်ထွန်းသည် အဆိုပါယာဉ်ကို စက်တင်ဘာလအတွင်းက Online မှ တစ်ဆင့် အောင်ပြည့်ဖြိုးသူ (ခ) ကောင်းခန့်ကျော်နှင့် ချိတ်ဆက်၍ ဝယ်ယူခဲ့သည်ကို ၎င်း၏ ဖုန်းမှတ်တမ်းများအရ စိစစ်တွေ့ရှိရပြီး ဘောစေ့နှင့်ပစ်သည့် သေနတ်ကိုလည်း Online မှ တစ်ဆင့် ချိတ်ဆက်ဝယ်ယူခဲ့သည်ကို တွေ့ရှိရကြောင်း၊ အောင်ကျော်ထွန်းအား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းနေစဉ် နံနက် ၇ နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ဗဟိုမီးသတ်ခြံဝင်း၏ အပြင်ဘက်တွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ၏ လက်ကောက်ဝတ်တွင် သွေးကြောအား ဓားဖြင့် အနည်းငယ်လှီးထားသည့် ဒဏ်ရာနှင့် သေဆုံးသူအနီး၌ ၅၉ယ/၅၂၆၉၈ နံပါတ်ပါ ဆိုင်ကယ်ကိုတွေ့ရပြီး ဆိုင်ကယ် Toolbox အတွင်းမှ အောင်ကျော်ထွန်း အမည်ပါ မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုဇယား မိတ္တူတို့ကို တွေ့ရှိရသဖြင့် သေဆုံးသူမှာ အမှုဖြင့် စုံစမ်းလျက်ရှိသည့် အောင်ကျော်ထွန်း ဖြစ်သည်ကို အတည်ပြုရရှိခဲ့ကြောင်း၊ ထို့ပြင် ဆိုင်ကယ်အနီး၌ တွေ့ရသည့် စာအုပ်ကြားထဲ၌ ဘရိတ်ဓားငယ် တစ်ခု၊ လုယက်မှုနှင့် ပတ်သက်၍ သွေးနှင့် ရေးထားသည့် စာကိုလည်း တွေ့ရကြောင်း၊ အမှုခိုင်မာစေရေးအတွတ် ၎င်းထံ ယာဉ်ရောင်းချခဲ့သည့် အောင်ပြည့်ဖြိုးသူ (ခ) ကောင်းခန့်ကျော်အား စိစစ်ခဲ့ရာ အဆိုပါယာဉ်ကို Online မှ တစ်ဆင့်ချိတ်ဆက်၍ အောင်ကျော်ထွန်းထံ ၁၈ သိန်းဖြင့် ရောင်းချခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ယာဉ်လာဝယ်သည့်နေ့က အောင်ကျော်ထွန်းနှင့်အတူ ၎င်း၏ ဇနီးဖြစ်သူပါ ဆိုင်ကယ်ဖြင့် လာဝယ်သွားခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် အောင်ကျော်ထွန်း၏ဇနီးအား ယာဉ်လာဝယ်စဉ်က ပါလာသူ ဟုတ်/မဟုတ် တရားသူကြီးတစ်ဦး၏ ရှေ့၌ အတည်ပြုဆောင်ရွက်ခဲ့ရာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း၊ သို့ဖြစ်၍ စုံစမ်းတွေ့ရှိချက်များအရ UAB ဘဏ်အား လုယက်မှုကျူးလွန်သူမှာ အောင်ကျော်ထွန်းဖြစ်သည်ကို တယ်လီဖုန်း ဆက်သွယ်မှုမှတ်တမ်းများ၊ Online ဆက်သွယ်မှု မှတ်တမ်းများ ဆက်စပ်ဖော်ထုတ်ချက်များအရ အတည်ပြုဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

No comments

ဝေဖန်အကြံပြုချက်များနဲ့ လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်များအတွက် ကျေးဇူးတင်ပါသည်။