Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

NLD ပါတီဝင် ၃ ဦးကို AA က ဖမ်းထားတယ်လို့ တရားဝင်ကြေညာပြီ

 အစိုးရကဖမ်းဆီးထားသူများအား လွှတ်ပေးလျှင် NLD ၃ ဦးကိုပြန်လွှတ်မည်ဟု အေအေ‌ကြေညာ

အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးမင်းအောင်၊  ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ ၃ ယောက်ကို  စစ်ဆေးမေးမြန်းဖို့ခေါ်ဆောင်ထားခြင်းဖြစ်ပြီး ကာလတစ်ခုအထိ ထိန်းသိမ်းစစ်ဆေးသွားမယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင်အဖွဲ့က ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အန်အယ်လ်ဒီ အစိုးရက ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြခဲ့တဲ့ကျောင်းသားတွေကိုပြန်လွှတ်ပေးရင် အခုဖမ်းထားတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၃ ယောက်ကို ပြန်လွှတ်ပေးမယ်လို့လည်း ပြောပါတယ်။ ရခိုင်တော်လှန်ရေးကို အနှောင့်အယှက်ပေးတဲ့ အမတ်တချို့ကို ခေါ်ယူစစ်ဆေးပြီး သင့်တော်တဲ့ အခြေအနေမှာ ပြန်လွှတ်ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။


တိုက်ပွဲမရှိတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်ဘဲ အန်အယ်လ်ဒီ နိုင်မယ်လို့ထင်တဲ့ ပလက်ဝလိုနေရာမျိုးမှာ တိုက်ပွဲဘယ်လောက်ဖြစ်ဖြစ် ရွေးကောက်ပွဲလုပ်ဖို့ ဆောင်ရွက်နေတာဟာ နိုင်ငံရေးအကောက်ကြံတဲ့ မသမာတဲ့ ရွေးကောက်ပွဲကို လုပ်ဖို့ ကြံရွယ်နေတာလို့လည်း အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်မနက်က  တောင်ကုတ်မြို့နယ်‌ ဖေါင်းခါးကျေးရွာမှာ ရွေးကောက်ပွဲ  အောင်နိုင်ရေး စည်းရုံးလှုပ်ရှားနေတဲ့  ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို လက်နက်ကိုင်လူတစုက သေနတ်နဲ့ ချိန်ရွယ် ရိုက်နှက်ကာ ကြိုးတုပ် ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးလွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောက်တိုဘာ ၁၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

လက်နက်ပြ ခြိမ်းခြောက် ဖမ်းဆီးမှုဟာ တရားမျှတမှုမရှိတဲ့ အကြမ်းဖက် ဖမ်းဆီးမှု ဖြစ်တာကြောင့် ပြင်းထန်စွာ ရှုတ်ချပြီး လက်နက်အားကိုး အနိုင်အထက်ပြု ဖမ်းဆီးမှုကို လက်မခံဘဲ ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဘက်က ရပ်တည်ပြီး ဆန့်ကျင်ကြဖို့လည်း ပြည်သူတွေကို အန်အယ်လ်ဒီက တိုက်တွန်းထားပါတယ်။


Credit: DVB 

No comments

ဝေဖန်အကြံပြုချက်များနဲ့ လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်များအတွက် ကျေးဇူးတင်ပါသည်။