Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

“ငွေတန်ဖိုးဆိုတာတော့ ကျစရာရှိရင်တော့ ကျမှာပဲ”


ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်နှင့် တွေ့ဆုံခြင်း လတ်တလော ဒေါ်လာငွေလဲနှုန်းမြင့်တက်မှု၊ ဗဟိုဘဏ်ရည်ညွှန်းနှုန်း သတ်မှတ်ချက်ဘောင်ပယ်ဖျက်မှုနှင့် ဗဟိုဘဏ်၏ ဈေးကွက်တုံ့ပြန်ဆောင်ရွက်မှုအကြောင်းတို့ကို ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်နှင့် The Voice Journal တို့ တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။ The Voice Journal – လတ်တလော ငွေကြေး ဈေးကွက်အတွင်းဖြစ်နေတဲ့ အခြေအနေနဲ့ ဗဟိုဘဏ်ရဲ့ ဆောင်ရွက်မှုကို သိချင်ပါတယ်။ UBBN – ကျွန်တော်တို့အနေနဲ့ ထိန်းကျောင်းမှုကတော့ ဝင်လုပ်မှာပဲ လိုအပ်လိုရှိရင်တော့။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့မှာလည်း လုပ်နိုင်တဲ့ အားလည်း တစ်စုံတစ်ရာရှိပါတယ်။ ပြီးခဲ့တဲ့ကာလမှာ မလုပ်ခဲ့တာက ဈေးကွက်ရဲ့သဘောပေါ့နော်။ ဗဟိုဘဏ်အနေနဲ့က ဈေးကွက်ထဲမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်းအတာလား ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာကို ကျော်သွားပြီလား ကြည့်ရတာပေါ့။ ဇူလိုင်လ နောက်ဆုံး ပတ်မှာတော့ ကျပ်ငွေတန်ဖိုးကျတဲ့ဟာက ဖြစ်သင့်ဖြစ် ထိုက်တာထက်ပိုလာတယ်လို့ ကျွန်တော်တို့ ယူဆ တယ်။ အဲဒီချိန်မှာစပြီးတော့ ဘယ်လိုလုပ်မလဲ ကြည့်ရတာပေါ့။ ဒါကလည်း တကယ့် Trend လား၊ ယာယီ ကိစ္စလားဆိုတာ ချက်ချင်းလုပ်လို့ မရသေးဘူး။ ဗဟိုဘဏ်အနေနဲ့ စောင့်ကြည့်ရသေးတာပေါ့။ ငွေတန်ဖိုး ဆိုတာတော့ ကျစရာရှိရင်တော့ ကျမှာပဲ။ ဒီလိုကျတာ မကောင်းဘူးဆိုပြီး ဒါကို အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ နိုင်ငံမရှိသလို ဘယ်ဗဟိုဘဏ်မှ ဒါကို လုပ်လို့ မရခဲ့ဘူး။ တကယ့်ဈေးကွက်ကြီးတစ်ခုလုံးကို ဘယ်ဗဟို ဘဏ်ကမှ ပြိုင်မတိုက်နိုင်ဘူး။ ကျွန်တော်တို့ကတော့ ဒီဟာပေါ်မှာ ဈေးကွက်အခြေအနေကြည့်ပြီး ဘာတွေလုပ်မယ်ဆိုတာကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်တာပေါ့လေ။ အခု နောက်ဆုံး ဆုံးဖြတ်ထားတာကတော့ ပြည်တွင်းဘဏ်တွေနဲ့ ဗဟိုဘဏ်ကြားမှာ Swap Facility စဖို့ လုပ်လိုက်တယ်။ ဘဏ်တွေနဲ့လည်း ညှိနှိုင်းလိုက်တယ်။ အသေးစိတ်ညှိဖို့တော့ နည်းနည်း ကျန်သေးတယ်။ အရေးကြီးတဲ့အချက်တွေတော့ အကုန်ပြီးသွားပြီ။ ငွေလဲကောင်တာတွေနဲ့ ခေါ်မညှိနှိုင်းဘူးလားလို့ မေးစရာတော့ရှိတယ်။ နိုင်ငံတကာမှာလည်း ဗဟိုဘဏ်တွေက ပြည်တွင်းဘဏ်တွေ သို့မဟုတ် ပြည်ပဘဏ်တွေနဲ့ပဲ အလုပ်လုပ်ကြတာ။ ကျွန်တော်တို့မှာရှိတဲ့ ပြည်တွင်းဘဏ်တွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်လိုက်တယ်။ အခု လာမယ့်သီတင်းပတ်မှာ Swap Facility ကို စပြီးလုပ်မယ်။ သီတင်းပတ်အစောပိုင်းပေါ့ဗျာ။ အသေးစိတ်လေးတွေ ညှိရတဲ့အခါကျတော့ ကြာလို့ရှိရင်လည်း တစ်ရက်၊ နှစ်ရက်ပါပဲ။ ဗဟိုဘဏ်အနေနဲ့က ပြည်တွင်းဘဏ်တွေက ဒါကို တစ်ခါမှမလုပ်ခဲ့ဖူးပေမယ့် နိုင်ငံခြားဘဏ်တွေနဲ့တော့ လုပ်ခဲ့တာတွေ ရှိပါတယ်။ ဘဏ်တွေအနေနဲ့လည်း ဒါကိုကြိုဆိုတယ်။ ဈေးကွက်ထဲမှာ ဒီအချိန်မှာ သွင်းကုန်က များတယ်။ ထွက်ကုန်က နယ်စပ်ကိုရောက်အောင် ကြက်သွန်က ရေကူးပြီးသွားရသေးတယ်။ အဲဒီအခါကျတော့ နယ်စပ်မှာ ချက်ချင်း Export ရောက်ဖို့ ခက်လာတာတို့၊ ဒီပစ္စည်းတွေကို ဆိပ်ကမ်းကို ပို့ဖို့ခက်လာတာတို့ ဒီလိုအခြေအနေလေးတွေ ရှိတယ်။ ဒေါ်လာ Export အဝင်နဲ့ Import အထွက်မှာ ကျတော့ သွင်းကုန်ပိုင်းမှာ ဆီရဲ့ဒေါ်လာလိုအပ်ချက်က တော်တော်လည်း များတယ်။ အခု Re-export ပိတ်လိုက်ပြီဆိုတဲ့အခါကျတော့ (ဒေါ်လာလိုအပ်ချက်) တော်တော်လေးလျော့ကျသွားတာ မြင်ရပါတယ်။ ဈေးကွက်ထဲမှာလည်း ပိုပြီးတော့ Liquidity ခေါ်မှာပေါ့၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အရောင်းအဝယ် လုပ်တဲ့အခါမှာ ငွေပေါ့ပေါ့ပါးပါးရှိအောင် ဒီ Swap Line ကို လုပ်လိုက်တဲ့သဘောပါ။ ပုဂ္ဂလိကဘဏ်တွေက Importer တွေကို ရောင်းစရာ ရှိတဲ့အခါ ဒီငွေကို နောက်ဘဏ်တစ်ခုမှာ သွားဝယ်ရမယ်။ ဘဏ်တွေအားလုံးကတော့ ရောင်းစရာရှိတာတွေအတွက် ကြိုတင်စီစဉ်ထားတာပဲ။ ဒါပေမဲ့ တစ်ခါတစ်ခါ လိုလာတဲ့အခါမျိုးမှာ တခြားဘဏ်ကသွားဝယ်ရတာမျိုး ရှိတဲ့အခါ ကိုယ့်ဆီက ငွေလျော့သွားမှာစိုးတဲ့အတွက် ဈေးနည်းနည်းတင်ရောင်းတာလည်း ပါတယ်။ အဲဒီလို ရောင်းရင်း ရောင်းရင်းနဲ့ တက်လာတာလည်း တစ်ပိုင်းပါတယ်။ ကမ္ဘာ့အကြောင်းတွေရော၊ ဒီပြင်အကြောင်းတွေလည်း ပါတာပေါ့။ ဘဏ်တွေက ကိုယ့်မှာ ငွေလျော့သွားမှာ စိုးတဲ့ စိုးရိမ်မှုပေါ့။ ဒါကြောင့် အဲဒီလိုမဖြစ်အောင် လိုတဲ့ဒေါ်လာကို ကျွန်တော်တို့ဆီမှာ ယူလို့ရအောင် လုပ်လိုက်တာပါ။ ဗဟိုဘဏ်အနေနဲ့ ကိုယ့်ပြည်တွင်းမှာ ဘဏ်လုပ်ငန်း လုပ်ခွင့်ရတဲ့ ဘဏ်တွေနဲ့ပဲ အဓိကလုပ်ရတာကို၊ ဘဏ်တွေမှာ ဒေါ်လာရှိလာရင် အပြင်မှာလုပ်တဲ့သူတွေကို ထိန်းပြီးသားဖြစ်ပါတယ်။ ဒီနှစ်ခုက ဆက်စပ်နေတာပါပဲ။ ဘဏ်တွေမှာ ဒေါ်လာရှိနေရင် ပြင်ပဈေးကွက်က လိုက်လာမှာပါပဲ။ ပြင်ပဈေးကွက်မှာ လှုပ်ခတ်လို့ရှိရင်လည်း ဒီဘက်မှာ ပြန်ရိုက်ခတ်တာပေါ့။ ကိုယ့်ထိန်းကျောင်းမှုအောက်မှာ ရှိတဲ့ ဘဏ်တွေကတစ်ဆင့် ဗဟိုဘဏ်က လုပ်တဲ့ သဘောပါပဲ။ လိုအပ်လို့ရှိရင်တော့ လိုအပ်တဲ့ နိုင်ငံခြားငွေကို ဘဏ်တွေက ကျွန်တော်တို့ဆီက ယူလို့ရတယ်။ ဘဏ်တစ်ခုချင်းအလိုက် ဘယ်လောက်ထိ ယူလို့ရတယ်ဆိုတာ သတ်မှတ်ထားတယ်။ ဈေးကွက်ထဲမှာ ဝယ်အားများတဲ့အခါ လိုအပ်ရင် လာယူလို့ရတာပေါ့။ ဒီလိုနည်းအားဖြင့် ဈေးရုတ်တရက် ဆောင့်မတက် တော့ဘူးပေါ့။ ဗဟိုဘဏ်အနေနဲ့က နိုင်ငံခြားဘဏ်တွေနဲ့ ဒီ Swap ကို လုပ်ဖူးတယ်။ ဒီ့ပြင်နိုင်ငံတွေမှာလည်း အပြန်အလှန် လုပ်ကြတာရှိပါတယ်။ ဥပမာ- ဥရောပနိုင်ငံတွေရဲ့ ဈေးကွက်မှာ ဒေါ်လာလိုနေပြီဆိုရင် အမေရိကန်ဗဟိုဘဏ်ကနေပြီးတော့ ဥရောပ ဗဟိုဘဏ်ကို Swap လုပ်လိုက်တယ်။ ဒေါ်လာတွေ ပေးလိုက်တယ်။ ဥရောပဗဟိုဘဏ်က ဒါကိုဖြန့်လိုက်တဲ့အခါ ဈေးကွက်ထဲမှာ ဒေါ်လာဈေး အတက်အကျ လျော့သွားတာပေါ့။ ကျွန်တော်တို့နဲ့ ဘဏ်တွေကြား မှာ အကျေအလည် ဆွေးနွေးပြီးသွားပါပြီ။ သိပ်အကြာကြီးလည်း မပေးဘူး။ လုံလောက်တဲ့အချိန်တော့ ပေးမယ်။ ဘဏ်တွေကိုချေးရာမှာ ကျွန်တော်တို့ သတ်မှတ်ထားတာတော့ ရှိတာပေါ့။ သူတို့ကို ဘယ်လောက်လိုသလဲဆိုတာ အရင်မေးကြည့်ပြီးပြီ။ အခု ကျွန်တော်တို့ ရောင်းနေဝယ်နေတဲ့ ပမာဏထက်တော့ အဆတော်တော်များများ ပိုပါတယ်။ ဒါ လုံလောက်တဲ့ ပမာဏ။ သူတို့ဘက်ကလည်း ဒီဟာဆိုရင် လုံလောက်တယ်ဆိုပြီး ပြောကြတယ်။ တကယ်တမ်းက သူတို့ အနေနဲ့လည်း လိုမှ ယူမှာ။ ပြီးခဲ့တဲ့ကာလမှာ ရောင်းခဲ့တာ သိပ်အများကြီးမရှိပါဘူး။ ဘယ်လိုမျိုးနည်းနဲ့ ဝယ်မှာလဲ။ ဒီတိုင်းရောင်းမှာလား၊ Swap နဲ့ လုပ်မလား စသဖြင့် နည်းလမ်းက မျိုးစုံရှိတယ်။ ဘဏ်တွေက ကျွန်တော်တို့ကို ကျပ်ငွေပေးထားတယ်။ ကျွန်တော်တို့က သူတို့ကို ဒေါ်လာပေးထားမယ်။ ၁၄ ရက်တန်သည်၊ တစ်လတန်သည် အဲဒီအချိန်ရောက်ရင် ပြန်လဲကြမယ်။ သူတို့က ကျွန်တော်တို့ကို ပေးရတဲ့အတိုး ရှိသလို ကျွန်တော်တို့က သူတို့ကိုပေးရမယ့် အတိုးလည်း ရှိတယ်။ The Voice Journal – စီးပွားကူးသန်းက Re-export ပိတ်လိုက်တာ တွေ့ရတယ်။ တချို့ကျတော့လည်း အပြီးပိတ်လိုက်တယ်လို့ ပြောတယ်။ ဒေါ်လာအတွက် အပြီးပိတ်လိုက်တော့ နဂို Re-export အကျိုးက စီးပွားရေးအပေါ်မှာ ဘယ်လို ထိခိုက်နိုင်လဲ။ UBBN – ကျွန်တော်တို့က နှစ်ခုချိန်ရတာပေါ့နော်။ စီးပွားရေးမှာ ဘယ်လောက်ထိခိုက်သလဲဆိုတာတော့ သေချာလေ့လာဆန်းစစ်ဖို့ လိုသေးတာပေါ့။ ဒီလောက်နဲ့ ပြောလို့မရသေးဘူး။ မြင်ရတဲ့အချက်တွေကတော့ Re-export မှာ ကောင်းကျိုးမရှိတာတော့ မဟုတ်ဘူး။ ရှိတာလည်း ရှိတယ်။ သို့သော် ဒီဟာနဲ့ပတ်သက်လို့ ငွေပြန်ဝင်လာတဲ့အချိန်တွေဘာတွေက Control မရှိဘူးဖြစ်နေတယ်။ ကုန်သည်တွေအနေနဲ့ ရင်မင်ဘီနဲ့ ရတယ်။ အဓိက တရုတ်ပြည်ဘက်မှာ ဒီဟာက တရားဝင်မဖြစ်ဘူး။ ရင်မင်ဘီကို ဒေါ်လာပြန်လဲပြီး ဝင်လာတာက မြန်မာပြည်ကို တိုက်ရိုက်ဝင်လာတာ မဟုတ်ဘူး။ ဟောင်ကောင်တို့၊ တရုတ်တို့ တခြားနိုင်ငံတွေကို ဖြတ်ပြီးမှ ဝင်လာတာဖြစ်လို့ ဘယ်အချိန်ဝင်လာမှာလဲ ကျွန်တော်တို့ ပြောလို့မရဘူး၊ ဘယ်လောက်နှုန်းနဲ့ ဝင်လာမှာလဲဆိုတာလည်း ပြောလို့မရဘူး။ ရောင်းရသလောက် ၁၀၀ ရာခိုင်နှုန်းအပြည့် ဝင်လာမလားဆိုတာလည်း ပြောလို့မရဘူး ဖြစ်နေတယ်။ Re-export က အကျိုးမရှိဘူးလားဆိုတော့ ရှိတယ်၊ ဒါပေမဲ့ Payment Mechanism က ကျွန်တော်တို့ဆီမှာ ဘာမှထိန်းချုပ်နိုင်တဲ့ Mechanism မရှိတဲ့ အတွက် ပိတ်လိုက်တယ်ပေါ့။ ဒီဟာနဲ့ ပတ်သက်လို့ စီးပွားကူးသန်းက ပိုသိပါတယ်။ ကျွန်တော်တို့ စင်ကာပူကနေ ဆီဝယ်တယ် ဆိုပါစို့။ စင်ကာပူကို ကျွန်တော်တို့ ဆီက ဒေါ်လာတွေထွက်သွားတယ်။ တရားဝင်လမ်းကြောင်း ကျွန်တော်တို့ဘဏ်တွေဆီကနေ ထွက်သွားတယ်။ ပြီးရင် ဒီဆီတွေက ရန်ကုန်ကို ရောက်လာတယ်၊ ရန်ကုန်ကနေ ဖြတ်သယ်ပြီးတော့ မူဆယ်ကနေ တရုတ်ဘက်ကို လွှဲလိုက်တယ်ပေါ့။ အဲချိန်မှာ ရင်မင်ဘီ ရတယ်။ ဟိုဘက်မှာ ဒီရောင်းရတဲ့ဟာတွေက တရားဝင် မဖြစ်ဘူး။ ဒါတွေကတော့ အများကြီးပါပဲ။ ကျွန်တော်တို့မှာ တရားဝင်မဖြစ်ဘဲ သူတို့ဆီမှာ တရားဝင်ဖြစ်တာတွေလည်း ရှိပါတယ်။ နိုင်ငံတကာ Trade မှာလည်း ရှိပါတယ်။ ရင်မင်ဘီကို ဒေါ်လာပြောင်းတဲ့အခါ ပြည်ပဘဏ်တွေကို ဖြတ်သန်းပြီးမှ ပြောင်းရတော့ အချိန်ကြာတတ်တယ်။ ပြောတဲ့အတိုင်း အကုန်လုံးဝင်ချင်မှ ဝင်လာတယ်။ ဒီလိုမျိုးတွေ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့မှာ Control မရှိတော့ဘူး။ စီးပွားရေးက ဘယ်လောက်ထိခိုက်မလဲဆိုတာတော့ ပြန်လေ့လာဖို့ လိုဦးမယ်။ Re-export က ဘယ်လောက်ထိသက်ရောက်မှုရှိမလဲဆိုတာ မပြောတတ်သေးဘူး၊ မပြောရဲသေးဘူး။ ကျွန်တော်တို့မြင်တာတော့ Settlement အပိုင်း၊ Payment အပိုင်းကို အသေအချာ လုပ်ပေးနိုင်လို့ရှိရင်တော့ Re-export ရဲ့ အကျိုးကျေးဇူးကို ရအောင်ယူလို့ရတာပေါ့။ The Voice Journal – ဆက်သွယ်ရေးကုမ္ပဏီတွေရဲ့ ငွေအဝင်အထွက်တွေကရော ငွေလဲနှုန်းကို ဘယ်လောက်သက်ရောက်မှု ရှိသလဲ။ တချို့ကလည်း ဈေးကွက်ထဲကနေပြန်ဝယ်ပို့ပြီး အပြင်ကို ပြန်ပို့တယ်လို့ ပြောကြတော့ ဒါတွေကိုရော ထိန်းသိမ်းဖို့ ရှိသလဲ။ UBBN – ဒါတွေကို ထိန်းချုပ်ဖို့တော့မရှိပါဘူး။ အဓိကတော့ ဆက်သွယ်ရေးကုမ္ပဏီတွေတင် မကဘူး၊ ကျန်တဲ့ရင်းနှီးမြှုပ်နှံသူတွေပါ သူတို့ယူလာတဲ့ငွေကို ဘယ်လိုပြန်ဆပ်မယ်ဆိုတဲ့ အစီအမံ၊ အချိန်ဇယား တွေတင်ရပါတယ်။ ဒီအတိုင်းပဲ သူတို့ပြန်ဆပ်ကြပါတယ်။ ဒီကြားထဲမှာ အမြတ်ရလို့ ပင်ရင်းနိုင်ငံကို အမြတ်ပြန်ပို့တယ်ဆိုတာမှာလည်း ကျွန်တော်တို့ သိသလောက်တော့ အများကြီးမရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ကိုယ်တိုင် ရင်းနှီးမြှုပ်နှံလို့ မပြီးသေးပါဘူး။ ဆက်သွယ်ရေးကုမ္ပဏီတွေဆိုလည်း တာဝါတိုင်တွေ အခုထိဆောက်တုန်းရှိသေးတယ်။ ဒီငွေက ကျွန်တော်တို့တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံတဲ့အများစုကတော့ Current Account က လိုတဲ့ဟာတွေကို ဝင်ဝင်ဖြည့်ရတဲ့သဘောဖြစ်နေတာပေါ့။ စုစုပေါင်းအားဖြင့်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အဝင်ပဲ ရှိပါသေးတယ်။ အထွက်ကိုတော့ တစ်နှစ်လုံးခြုံကြည့်ရင် ဒီလောက်ကြီး မတွေ့ရပါဘူး။ Balance of Payment ကို ကြည့်သမျှကတော့ ဒီလောက်ကြီး မတွေ့သေးပါဘူး။ The Voice Journal – ဈေးကွက်က နည်းနည်းငြိမ်သွားလို့ နောက်နှစ်လလောက်ဆိုရင် မျှခြေက ဘယ်လောက်လောက် ဖြစ်မလဲ။ UBBN – အဲဒါတော့ ကျွန်တော်တို့ မမှန်းတတ်ဘူးဗျ။ မမှန်းတတ်ဘူးဆိုတာက ကျွန်တော်တို့ရဲ့ Export နဲ့ Import တွေကို ခုနကပြောတဲ့ Current Account နဲ့ Capital Account နှစ်ခုကို Balance လုပ်နိုင်တဲ့ ဈေးတစ်ခုဖြစ်လာမှာပဲ။ ကမ္ဘာကြီးမှာ ဘာတွေဖြစ်လာမလဲဆိုတာအပေါ်လည်း မူတည်သေးတယ်။ တရုတ်ဗဟိုဘဏ်ရော အမေရိကန်ဗဟိုဘဏ်ရော ရှောင်လွှဲနေတဲ့ အချက်တစ်ခုက သူတို့ Currency ကို ချပစ်တာမျိုးမလုပ်သေးဘူး။ အခုက ကုန်သွယ်ရေးစစ်ပွဲပဲ ရှိသေးတယ်။ ငွေကြေးစစ်ပွဲထဲကို ဝင်မလာသေးဘူး။ ကိုယ့်ငွေကို အပြိုင်အဆိုင်တန်ဖိုးချတဲ့အဆင့်ထိကို ဗဟိုဘဏ်နှစ်ခုလုံးက ရှောင်နေသေးတယ်။ တရုတ်ပြည် ဗဟိုဘဏ်ကလည်း ဒီတိုင်းပဲ ပြောထားတယ်။ အမေရိကန်ဗဟိုဘဏ်ကလည်း ဒီတိုင်းပဲ ပြောထားတယ်။ ဒီအစိုးရတွေရဲ့ စွက်ဖက်မှုကို သူတို့ မခံသေးဘူးလို့ ပြောထားတယ်။ ဒါပေမဲ့ တစ်ချိန်ချိန်မှာ တိုက်ပွဲ ပြင်းထန်လာလို့ရှိရင်တော့ တစ်မျိုးဖြစ်ရင် ဖြစ်နိုင်တာပေါ့။ တစ်ဖက်ကပြန်ကြည့်ရင် ကျွန်တော်တို့ငွေက ကျသွားတယ်ဆိုတော့ တကယ်ထိခိုက်လောက်အောင် ကျသလားဆိုတာ ပြန်ကြည့်တော့ အမေရိကန်နဲ့ ကျွန်တော်တို့က ကုန်သွယ်မှုက ဒီလောက်မရှိဘူး။ ကျွန်တော်တို့နဲ့ ကုန်သွယ်မှုရှိတာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ စင်ကာပူ၊ ဂျပန်ရှိတယ်။ အင်ဒိုနီးရှား၊ ကိုရီးယားရှိမယ်။ ကျွန်တော်တို့ကျတဲ့အချိန်မှာ သူတို့လည်း ကျတဲ့အတွက် တကယ့်သက်ရောက်မှုက ဒီလောက်ကြီးမရှိပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုနိုင်ငံတွေနဲ့ ဘာကွာသွားသလဲ ဆိုတာပဲ။ ဒါကိုကြည့်တော့ သိပ်အကြီးကြီး မတွေ့ရဘူး။ မရှိဘူးတော့ မဟုတ်ဘူး၊ ရှိတော့ ရှိတယ်။ ဒါကြောင့် တချို့က ပြောတယ်၊ တအားမစိုးရိမ်ကြဖို့။ ကျွန်တော်တို့က နည်းနည်း ပိုကျတာတော့ ရှိပါတယ်။ ဒါကလည်း တချို့သော စိတ်ပူတာတွေကြောင့် ဖြစ်ပါလိမ့်မယ်။ The Voice Journal – ကုန်သွယ်ရေးကို ဒေါ်လာအစား ယွမ်တို့၊ ဘတ်တို့ အဲဒါမျိုးနဲ့ ပိုပြီးတော့ ကောင်းမလား။ UBBN – ဒါကတော့ ကျွန်တော်တို့ စဉ်းစားရမှာပေါ့ဗျာ။ ဒါပေမဲ့ ယွမ်တို့၊ ဘတ်တို့နဲ့မလုပ်ခင်မှာ သေချာ စဉ်းစားဖို့တော့ လိုတယ်။ လုပ်ပြီးသွားတော့မှ ဘွာတေးခတ်လို့ မရဘူး။ သက်ရောက်မှုက ကြီးနိုင်တယ်။ နိုင်ငံတကာနဲ့ လုပ်တဲ့နေရာမှာ အခုလုပ်၊ အခုဆုတ်လုပ်လို့ မရဘူး။ ဒီပေါ်မှာ ပရောဂျက်လုပ်ပြီး လေ့လာနေတာတွေ ရှိပါတယ်။ The Voice Journal – ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော NECC (နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ) မှာ ပါဝင်တော့ ဘာမှတ်ချက်ပေးပါသလဲ။ UBBN – သူကတော့ဖြစ်နိုင်ရင် ကျွန်တော်တို့တွေ အားလုံးကို ကိုယ့်ဘာသာလုပ်စေချင်တယ်။ ဝန်ကြီးဌာနတွေ အနေနဲ့ ကိုယ့်ဘာသာစဉ်းစားပြီး တက်တက်ကြွကြွလုပ်စေချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာက ညှိနှိုင်းပြီးလုပ်တဲ့အလေ့အထက အလွန်အားနည်းခဲ့တော့ ဒီဟာကို သူက အားကောင်းလာအောင် သူကိုယ်တိုင် ဦးစီးပါဝင်ပြီး ညှိနှိုင်းပေးတဲ့သဘောပါပဲ။ အဓိကကတော့ ကျွန်တော်တို့အချင်းချင်း ပိုပြီးညှိနှိုင်းဆောင်ရွက်မှု အားကောင်းလာရင် သူလည်း မလိုအပ်တဲ့နေရာမှာ ဝင်မပါတော့ဘူး။ ကျွန်တော်တို့ချင်း ညှိနှိုင်းမှု အားကောင်းရင် သူ့အဆင့်ကိုလည်း ရောက်မသွားတော့ဘူး။ ဖြစ်နိုင်သလောက် ပူးပေါင်းညှိနှိုင်းသွားမယ်ဆိုရင် တစ်ဌာနနဲ့ တစ်ဌာန ပိုသိလာတာပေါ့။ ကျွန်တော်တို့ဆီမှာက ဒီ့ပြင်နိုင်ငံက အစိုးရတွေလိုမျိုး အစိုးရအဖွဲ့ကို တင်တဲ့ကိစ္စတွေမှာ တခြားဝန်ကြီး ဌာနတွေကို ဘယ်လောက်သက်ရောက်မှုဖြစ်မယ်ဆိုတာကို စနစ်တကျ လေ့လာထားတာမရှိဘူး။ ဝန်ကြီးဌာနအချင်းချင်း မေးတော့မေးပါတယ်။ သဘောထားမှတ်ချက် ဆိုပြီး။ ဒါပေမဲ့ ဒီအပေါ်မှာ Quantitatively လေ့လာတာတော့ အားနည်းတယ်။ ဒါတွေကို ညှိနှိုင်းမှု ပိုရှိလာတာနဲ့အမျှ ပိုကောင်းလာတာပေါ့။ နောက်ပြီးတော့ Standard Operative Procedure တွေ ညှိနှိုင်းဖို့ရှိပါတယ်။ ပရောဂျက်တစ်ခုကို ကိုယ့်ဌာနတစ်ခုတည်း လုပ်တာထက်စာရင် ဒီ့ပြင်ဌာနတွေနဲ့ ကြိုပြီး ဘယ်လောက်ထိ ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုတာတွေ မူဝါဒဘောင်တွေ ပိုပြီးရှင်းရှင်းလင်းလင်း ထွက်လာဖို့ရှိပါတယ်။ ဇေယျသူ

No comments

ဝေဖန်အကြံပြုချက်များနဲ့ လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်များအတွက် ကျေးဇူးတင်ပါသည်။