မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ်နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေသော ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်းများအား AA အကြမ်းဖက်သောင်းကျန်းသူ များက ဖမ်းဆီး
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ်နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေသော ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်းများအား AA အကြမ်းဖက်သောင်းကျန်းသူ များက ဖမ်းဆီး
နေပြည်တော်၊ ဧပြီ - ၂
မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ်နှစ်လမ်းသွားကားလမ်းအား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကတ်ကူဝကျေးရွာအနီးအထိ တာဝန်ယူလမ်းဖောက်လုပ်ဆောင်ရွက်လျက်ရှိသည့် ဆုထူးစံ ကုမ္ပဏီ မှ ဝန်ထမ်း ၈ ဦးအား မတ် ၃၀ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါကုမ္ပဏီမှ ဝန်ထမ်းများသည် ပလက်ဝမြို့နယ်၊ တွင်းကင်းအလောင်းကျေးရွာ၌ အခြေပြု၍ လမ်းလုပ်ငန်းဆောင်ရွက်လျက်ရှိစဉ် မတ် ၃၀ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၁၇၀ ဦးခန့် ရောက်ရှိလာပြီး ဦးလှမျိုးအောင်၊ ဦးကျော်ထွန်း၊ ဦးစောကိုကိုနိုင်၊ ဦးပေါ်ကြီး၊ ဦးသိန်းဇော်၊ ဦးသိန်ဟန်၊ ဦးထွန်းအောင် ကျော်၊ ဦးဇော်မျိုးသူ၊ ဦးဝေဖြိုး၊ ဒေါ်နုချေ၊ ဦးဖိုးကျော်၊ ဒေါ်မိုးမိုးမြင့်၊ ဦးဇော်ဝင်းကိုတို့ ၁၃ ဦး ကို ဖမ်းဆီးချုပ်နှောင်ထားကာ လမ်းဖောက်လုပ်ဆောင်ရွက်နေမှုအား နှောက်ယှက်ခဲ့ ကြောင်း သိရှိသည်။
အဆိုပါဖမ်းဆီးခံရသူ ၁၃ ဦးအနက် ပလက်ဝမြို့နယ်၊ ယီးလာဝကျေးရွာနေ ဦးဝေဖြိုးနှင့် ၎င်း၏ဇနီး ဒေါ်နုချေ၊ မော်လမြိုင်မြို့နေ ဦးဖိုးကျော်နှင့် ၎င်း၏ဇနီး ဒေါ်မိုးမိုးမြင့်နှင့် မော်လမြိုင်မြို့နေ ဦးဇော်ဝင်းကိုတို့ ၅ ဦးမှာ ပလက်ဝမြို့သို့ ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပြန်လည်လွတ်မြောက်ရောက်ရှိလာခဲ့ကြပြီး ၎င်းတို့အား မေးမြန်းချက်အရ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ရောက်ရှိလာကာ ကုမ္ပဏီပိုင် ဟိုက်လတ်အဖြူရောင် ကား ၁ စီး၊ မြေကော်စက် ၁ စီးနှင့် ဆိုင်ကယ် ၃ စီးတို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့အား ဖမ်းဆီးချုပ်နှောင်ထားခဲ့ ကြောင်း၊ ဧပြီ ၁ ရက်တွင် ၎င်းတို့ ၅ ဦးအား ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပလက်ဝ-မီဇိုရမ်လမ်းပိုင်းသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်ကာ လမ်း ဖောက်လုပ်ပြီးစီးပါက နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးလာမည်ဖြစ်သည်။ ၎င်း လမ်းပိုင်းပေါ်တွင်လည်း ပလက်ဝတံတားစီမံကိန်းဆောင်ရွက်လျက်ရှိပြီး ၎င်းတံတားစီမံကိန်းအတွက် အသုံး ပြုရန် လိုအပ်သော ပစ္စည်းကိရိယာများ တင်ဆောင်လာသည့် သင်္ဘောအား မတ် ၁၆ ရက် နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များနှင့်ပစ်ခတ်၍ ရေယာဉ်ဝန်ထမ်းများအား ကမ်းပေါ်သို့ ခေါ်ဆောင်ကာ ရေယာဉ်ကိုမီးရှို့ဖျက်ဆီးခဲ့သည်။
အလားတူ ပလက်ဝမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကင်းတလင်းနှင့် ခမောင်းဝ ကျေးရွာတို့မှ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၃၈ ဦးအပါအ၀င် ရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသား စုစုပေါင်း ၂၀၀ ခန့်အား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အတင်း အဓမ္မလူသစ် စုဆောင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
AA အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသဖွံ့ဖြိုးရေးပျက်ပြားစေရန် အရပ်ဘက်ပစ်မှတ်များအပေါ် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက် ခြိမ်းခြောက်ကာ အုပ်ချုပ်ရေး ယန္တရားပျက်ပြားစေရန်နှင့် ဒေသ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လက်နက်အားကိုးဖြင့် အဖျက်အမှောက်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိ ပြီး ဒေသခံပြည်သူလူထုကိုလည်း ခြိမ်းခြောက်အကြပ်ကိုင် အတင်းအဓမ္မလူသစ် စုဆောင်း လျက်ရှိသည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
Post a Comment