မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာအတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်လုံခြုံရေးစစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်
မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာအတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်လုံခြုံရေးစစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ေ
နပြည်တော်၊ မတ် - ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက် တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အား မတ် ၂၉ ရက် ယနေ့ နံနက်ပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူ ၁၀ ဦးခန့်က အောက်သကန် ကျေးရွာထိပ်၌ မိုင်းဖောက်ခွဲ၍ ရွာအတွင်းမှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် အောက်သကန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၇၀၀ ခန့်တိမ်ညိုတံတားနေရာသို့ ရောက်ရှိစဉ် ကျေးရွာ၏ မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာနေရာ၌ အသင့်စောင့်ကြို လျက်ရှိသည့် AA အကြမ်းဖက် သောင်းကျန်းသူ ၁၀ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူများ တောင်ဘက်ရှိ အောက်သကန်ကျေးရွာအတွင်းသို့ ဆုတ်ခွာ ထွက် ပြေးသွားခဲ့ သည်။
ဆုတ်ခွာရာ ရန်သူနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်လံ ဖမ်းဆီးရာ AA အကြမ်းဖက်သောင်းကျန်းသူ ၁၀ ဦးခန့်က ကျေးရွာကို အကာအကွယ်ရယူ၍ ရီမုမိုင်း ၂ လုံး ဖောက်ခွဲကာ ကျေးရွာအတွင်းမှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူများ အရှေ့ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်၌ အောက်သကန်ကျေးရွာနေ ဦးဝင်းကျော်သိန်း(၃၃နှစ်) ယာရင်အုံ လက်နက်အစမှန် မစိုးရိမ်ရဒဏ်ရာနှင့် ဦးလှအောင်တင် (၃၇နှစ်)ပြေးလွှားစဉ် ချော်လဲသဖြင့် မစိုးရိမ်ရဦးခေါင်းထိခိုက် ဒဏ်ရာများရရှိခဲ့ကြသဖြင့် တပ်မတော်လုံခြုံရေး စစ်ကြောင်းများက လိုအပ်သည့် ကနဦး ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ပြီး တိမ်ညိုတိုက်နယ်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း လုံခြုံရေးစိစစ်မှုများပြုလုပ်ခဲ့ရာ ကျေးရွာအတွင်းမှ ရန်သူ့အမာခံသတင်းပေးဟု ယူဆရသည့် မသင်္ကာဖွယ် ဦးကိုနိုင်(၃၉နှစ်)၊ ဦးလှသိန်းမောင်(၅၂ နှစ်)၊ ဦးစိန်ထွန်း(၄၂နှစ်)၊ ဦးဘထွန်း(၆၇နှစ်)နှင့် ဦးမောင်ဖြူရှည်(၅၂နှစ်)တို့ ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အနက် ဆေးဆရာဆိုသူ ဦးမောင်ဖြူရှည်၏ နေအိမ်မှ Hydrocortisone အသက်ကယ်ဆေး၊ Genta ပိုးသတ်ဆေး၊ Diclofenac Sodium ဆေးများ၊ ဆေးထိုးအပ်များနှင့် ဆေးခန်းသုံးပစ္စည်းများ ပါဝင်သော ဆေးအိတ် ၁ လုံးနှင့် ခေါက်ဆွဲခြောက် ၁၀ ဖာတို့အား သိမ်းဆည်းရမိခဲ့သည်။ ၎င်း မသင်္ကာဖွယ် ၅ ဦးအား မြောက်ဦးမြို့နယ်၊ တိမ်ညိုနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲ ပြောင်း၍ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ အောက်သကန်ကျေးရွာမှ ဒေသခံတစ်ဦးက "တိမ်ညိုတံတားရဲ့ အဲဒီနားမှာ တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေးလုပ်နေတာ တိမ်ညိုနှင့် ကျွန်တော်တို့ ရွာရဲ့ကြား အုန်းတောကြားကို လက်နက်ငယ်ဖြင့် ပစ်တယ်။ မိုင်းဖောက်တယ်။ အပြန်အလှန် ပစ်ခတ်တယ်။ ကျွန်တော်တို့ကျေးရွာ နယ်မြေရှင်းလင်း ဆောင်ရွက်တယ်။ တပ်မတော်အနေနဲ့ ကျွန်တော်တို့ရွာကို ဘာအနှောက်အယှက်မှ မပေးဘူး။ ယူသွားတာလည်းမရှိဘူး။ ဒါပေမယ့် ပစ်ခတ်လို့ထိသွားတယ်။ ဟိုဘက်က ပစ်ခတ်လို့ထိတာလား။ ဒီဘက်က ပစ်ခတ်လို့ထိတာလား မသိဘူး။ ထိသွားတဲ့လူနာ ၂ ယောက်တော့ရှိတယ်။ ဦးလှအောင်တင်ဆိုတဲ့သူက ညာဘက်ရဲ့ခေါင်းကို ကျည်ထိတာလား၊ ထုပ်တန်းနဲ့ထိပြီးကွဲသွားတာလားတော့မသိဘူး။ နည်းနည်းဒဏ်ရာ ရသွားတယ်။ နောက်တစ်ယောက်တော့ ကျည်စမှန်တာတော့ ဟုတ်တယ်။ တပ်ကတော့ ဆေးမှူးတွေနဲ့ သေချာလုပ်ပြီး တိမ်ညိုတိုက်နယ်ဆေးရုံကို တစ်ယောက်ကို ပံ့ပိုးငွေ ၅ သောင်းပေးပြီး တိမ်ညို တိုက်နယ်ဆေးရုံကို သုံးဘီးနဲ့လိုက်ပို့ ပေးခဲ့တယ်။ နောက်ထပ်တော့ သေကျေမှုမရှိပါဘူး။ ဒါလောက်ပါပဲ" ဟုပြောကြားခဲ့ ကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်ဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေရဲတပ်ဖွဲ့စခန်းမှူးများကို ဥပဒေမဲ့ လုပ်ရပ်ဖြစ်သော သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းများအား ကျေးရွာများကို အကာအကွယ်ရယူ၍ မိုင်းဆွဲတိုက်ခိုက်ခြင်းများ မကြာခဏ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်လျက်ရှိသည့် ရိုးသားသော ရခိုင်တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း မလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုများမရှိစေရေးအတွက် AA အကြမ်းဖက်သောင်းကျန်းသူများ ကျေးရွာလူထုအတွင်း အခြေချရောနှော၍ နေထိုင်ခြင်းအား ဆက်လက်ဆန့်ကျင်ရေး၊ နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ အချိန်နှင့် တစ်ပြေးညီ ဆက်လက်သတင်းပို့ကြရေး သက်ဆိုင်ရာမှ နှိုးဆော်မေတ္တာရပ်ခံထားကြောင်း သိရှိသည်။
http://cincds.gov.mm/node/2310

Post a Comment