ပါတီစည်းရုံးရေးလုပ်ငန်းအတွက် NLD ပါတီ ကျပ်သန်း ၂၀၀၀ ကျော် ထောက်ပံ့မည်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနှင့် လာမည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစတင်ကာ စည်းရုံးရေး လုပ်ငန်းများအတွက် ခရီးစရိတ်နှင့် နေ့တွက်စရိတ်များ ထောက်ပံ့ပေးမည်ဖြစ်ရာ ကျပ်သန်း ၂၀၀၀ ကျော် အသုံးပြုရန်ရှိကြောင်း ယင်းပါတီဗဟိုထံမှ သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ လစာများမှ ၂၅ ရာခိုင်နှုန်း ဖြတ်တောက်ရရှိထားသည့် ငွေကြေးများဖြင့် အဆိုပါ ၂၀၂၀ ပါတီစည်းရုံးရေး လုပ်ငန်းများအတွက် ခရီးစရိတ်များ ထောက်ပံ့ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။
လစာမှဖြတ်တောက်ထားသည့် ရန်ပုံငွေသည် လွှတ်တော်သက်တမ်း သုံးနှစ်အတွင်း ကျပ် ၃၆၆၇ သန်း ကောက်ခံရရှိထားပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် ကျပ်သန်း ၂၀၀၀ ကျော် ထပ်မံ ရရှိမည်ဖြစ်၍ စုစုပေါင်း ကျပ် ၅၈၀၀ သန်းကျော်ရမည်ဖြစ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
အဆိုပါ ငွေကြေးများအနက် ကျပ်သန်း ၃၀၀၀ ကျော်ကို မြို့နယ်နှင့် တိုင်းနှင့်ပြည်နယ် ပါတီရုံးများသို့ ထောက်ပံ့သွားမည်ဖြစ်ပြီး ကျန်ရှိသည့် ကျပ်သန်း ၂၀၀၀ ကျော်ကို စည်းရုံးရေးစရိတ်အတွက် ပေးအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့ကစပြီးတော့ ပေးပါမယ်။ ခရီးစရိတ်ဆိုတာက ဘာကိုပြောချင်တာလဲဆိုတော့ ရန်ကုန်နဲ့ မန္တလေးတို့လို ဟိုရပ်ကွက် ဒီရပ်ကွက်ကို ခရီးစရိတ်ပေးလို့ မရဘူးပေါ့။ နယ်တွေအတွက် ရည်ရွယ်ပြီးတော့ ခရီးစရိတ် ပေးပါမယ်။ နေ့တွက်စရိတ်တော့ ပေးပါမယ်။ အခွင့်အရေး တစ်ခုရလာတဲ့အတွက် ကျွန်တော်တို့ အီးစီအဖွဲ့ဝင်တွေလည်း ဘဏ္ဍာရေးစည်းမျဉ်းအတိုင်း တာဝန်ခံမှုရှိရမယ်”ဟု မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်သူ ၎င်းကရှင်းပြသည်။
လက်ရှိတွင် မြို့နယ် ၁၆၆ မြို့နယ်၌ ပါတီရုံးများ မရှိသေးဘဲ အဆိုပါမြို့နယ်များသို့ တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၅၀ စီ ထောက်ပံ့သွားမည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အဆင့် ပါတီရုံးများသို့လည်း ကျပ်သိန်း ၇၀၀ စီ ထောက်ပံ့ပေးရန် NLD ပါတီ ဗဟိုကော်မတီက စီစဉ်ထားသည်။

Post a Comment