Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

ကက်ရှ်မီးယားလက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း စစ်သွေးကြွ အမြောက်အမြားသေဆုံးဟု အိန္ဒိယပြောကြား

ဖေဖော်ဝါရီ ၁၆ ရက်တွင် ရာဂျစ္စတန်ပြည်နယ်၌ Vayu Shakti 2019 လေ့ကျင့်မှုအတွင်း အိန္ဒိယလေတပ်၏ Mirage 2000 တိုက်လေယာဉ်တစ်စင်းက ဗုံးများ ကြဲချနေစဉ် (Photo – AFP)
ပါကစ္စတန်ဘက်မှ စစ်သွေးကြွစခန်းတစ်ခုကို အိန္ဒိယစစ်လေယာဉ်များက လေကြောင်းမှ တိုက်ခိုက်ခဲ့မှုအတွင်း တိုက်ခိုက်မှုတစ်ခုအတွက် ပြင်ဆင်နေသူအမြောက်အမြားသေဆုံးခဲ့သည်ဟု အိန္ဒိယက ဖေဖော်ဝါ ရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုလုပ်ရပ်ကြောင့် အငြင်းပွားကက်ရှ်မီးယားကိစ္စဖြင့် ခါးသီးသော ပြိုင်ဘက်နှစ်နိုင်ငံကြားမှ တင်းမာမှုမှာ ပိုမိုဆိုးရွားလာခဲ့သည်။

အိန္ဒိယဂျက်လေယာဉ်များသည် ဟိမဝန္တာဒေသမှ အပစ်အခတ်ရပ်စဲရေးမျဉ်းကိုကျော်ပြီး ၎င်းတို့၏ ဝေဟင်ထဲသို့ ဝင်လာကာ လက်နက်များဖြင့် ပစ်ခတ်သွားသည်ဟု ပါကစ္စတန်စစ်တပ်ဘက်က အစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး သေဆုံးဒဏ်ရာရသူမရှိဟု ဆိုသည်။ သို့သော် ဗုံး (သို့မဟုတ်) ဒုံးကျည် မည်သည့်အရာဖြင့် တိုက်ခိုက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ပေ။

အိန္ဒိယနိုင်ငံထဲတွင် အသေခံတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားမည့်အရေးမှာ ဖြစ်အံ့ဆဲဆဲ အခြေအနေသို့ရောက်နေပြီဟု အစိုးရက ယုံကြည်သဖြင့် Jaish - e - Mohammad (အိန္ဒိယထဲတွင် မကြာသေးမီက အသေခံတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု ကြေညာထားသည့်အဖွဲ့) စခန်းကို စစ်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီဂျောဂေါ့ဟာလီကဆိုသည်။ “အလွန်များပြားတဲ့ JeM အကြမ်းဖက်သမားတွေ၊ သင်တန်းဆရာတွေ၊ အကြီးတန်းအုပ်ချုပ်သူတွေ၊ အသေခံတိုက်ခိုက်မှုတွေအတွက် လေ့ကျင့်ထားကြတဲ့ ဂျီဟတ်ဒီအုပ်စုဝင်တွေကို ရှင်းလင်းနိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကက်ရှ်မီးယားဒေသထဲတွင် အိန္ဒိယနှင့် ပါကစ္စတန်အုပ်ချုပ်သောအပိုင်းဟူ၍ ပိုင်းခြားထားသော ထိန်းချုပ်ရေးမျဉ်းကို အိန္ဒိယလေတပ်က ကျော်လာသည်ဟု ပါကစ္စတန် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်အဆစ်ဖ်ဂါဖောက Twitter ၌ရေးသားခဲ့သည်။ ပါကစ္စတန်လေတပ် ဂျက်လေယာဉ်များက ကျူးကျော်မှုကိုတုံ့ပြန်ရန် အရေးပေါ်ပျံတက်ခဲ့ကြသည်ဟု ၎င်းကဆိုသည်။ “ပါကစ္စတန် လေတပ်ရဲ့ အချိန်ကိုက်၊ ထိရောက်တဲ့တုံ့ပြန်မှုကြောင့် (အိန္ဒိယလေယာဉ်တွေဟာ) လက်နက်တွေကို အမြန်ကြဲချပြီး ဘယ်လာကော့ အနီးမှာ ရှောင်တိမ်းသွားပါတယ်။ ထိခိုက်သေဆုံးမှုမရှိပါဘူး” ဟု ဗိုလ်ချုပ်က ဖြည့်စွက်ပြောခဲ့သည်။ စစ်သွေးကြွတို့၏ စခန်းသည် ဘယ်လာကော့အနီးတွင်ရှိသည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၁၆ ရက်တွင် ရာဂျစ္စတန်ပြည်နယ်၌ Vayu Shakti 2019 လေ့ကျင့်မှုအတွင်း အိန္ဒိယလေတပ်၏ Mirage 2000 တိုက်လေယာဉ်တစ်စင်းက ဗုံးများ ကြဲချနေစဉ် (Photo – AFP)
ထို့ကြောင့် လေ့လာသူများက ဘယ်လာကော့၏ တည်နေရာနှင့်ပတ်သက်ပြီး ရှုပ်ထွေးမှုများ ဖြစ်လာခဲ့သည်။ ပါကစ္စတန်ရှိ ခိုင်ဘာ-ပက်ထန်ဝါပြည်နယ်၏ အနောက်မြောက်ဘက်၌ တည်ရှိသည့် ဘယ်လာကော့မြို့ကို ရည်ညွှန်းသည်ဆိုပါက အိန္ဒိယလေယာဉ်များသည် ကက်ရှ်မီးယားကို ကျော်ကာ ပါကစ္စတန်နယ်နိမိတ်ထဲသို့ ထိုမျှအထိ နက်နက်ရှိုင်းရှိုင်းဝင်သွားခြင်းသည် မဟာပြဿနာကြီးဖြစ်လာနိုင်သည်ဟု လေ့လာသူများက ဆိုသည်။ သို့သော် နောက်ပိုင်း၌ အိန္ဒိယကျူးကျော်မှုသည် ကက်ရှ်မီးယားအတွင်း၌သာဖြစ်ကြောင်း ပါကစ္စတန်ဘက်က ပြန်ပြောခဲ့သည်။

ထိပ်တန်းအစိုးရ သတင်းရင်းမြစ်များကို ကိုးကားပြီး ပုဂ္ဂလိကရုပ်သံဌာန CNN News 18 မှ ဖော်ပြချက်အရ အိန္ဒိယ၏ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂ဝဝနီးပါးရှိသည်ဟု သိရသည်။ ထိုစဉ် တရုတ်က အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် တိုက်တွန်းခဲ့သည်။

No comments

ဝေဖန်အကြံပြုချက်များနဲ့ လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်များအတွက် ကျေးဇူးတင်ပါသည်။