ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး တတိယနေ့ ကျင်းပနေမှု တိုက်ရိုက် ထုတ်လွှင့်နေစဉ် ပြတ်တောက်မှု ဖြစ်ပွားခြင်းမှာ FIBER NETWORK လိုင်းနှင့် သက်ဆိုင်ခြင်း မရှိ
နေပြည်တော် ဖေဖော်ဝါရီ ၇ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပနေမှုများကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းမှစတင်၍ MRTV လွှတ်တော် ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက အရေးကြီး အဆိုတင်သွင်းခြင်း အပေါ် ဆွေးနွေးနေစဉ် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ မှ ၂၅ မိနစ်အထိ ၅ မိနစ်ခန့် လွှတ်တော် အစည်းအဝေး ကျင်းပနေမှု ထုတ်လွှင့်ခြင်း ပြတ်တောက်၍ တေးသီချင်းများကို ထုတ်လွှင့်ပြသခဲ့သည်။ ယင်းသို့ထုတ်လွှင့်ခြင်း ပြတ်တောက်မှုမှာ Fiber Network လိုင်းကျခြင်းကြောင့် ပြတ်တောက်ခဲ့မှု ဖြစ်ကြောင်းကို မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများနှင့် MOI Webportal Myanmar တို့၌ ဖေဖော်ဝါရီ ၁ ရက်တွင် ရေးသား ဖော်ပြ ထားမှုကို တွေ့ရှိရသည်။ လွှတ်တော်နှင့် မြန်မာ့အသံအကြား ဆက်သွယ်ထားသော Fiber Network လိုင်းကျခြင်းအား MRTV (တပ်ကုန်း) မှ ဆက်သွယ်မှု တာဝန်ခံက ဇန်နဝါရီ ၂၈ ရက်တွင် နေပြည်တော်ရှိ တပ်မတော် ဆက်သွယ်ရေး လုပ်ငန်း တာဝန်ခံ အရာရှိသို့ ဖုန်းဖြင့် အကြောင်းကြား လာခဲ့သဖြင့် ဇန်နဝါရီ ၂၉ရက် နံနက် ၈နာရီမှစ၍ စစ်ဆေး ပြုပြင်မှုများ ဆောင်ရွက်ခဲ့ပါသည်။ ဆောင်ရွက်ချိန်တွင်လည်း MRTV (တပ်ကုန်း)မှ တာဝန်ရှိသူနှင့် စစ်ဆေးရေး အဖွဲ့တို့ အပြန်အလှန် ဖုန်းအဆက်အသွယ်ရယူ၍ ဆောင်ရွက်ခဲ့ပြီး ၎င်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဆင် ပြီးစီး ခဲ့ပါသည်။ စစ်ဆေးပြုပြင်မှုများ ပြုလုပ်နေစဉ်ကာလ အတွင်း Fiber Network လိုင်းအား အသုံးပြုနိုင်ခြင်း မရှိသဖြင့် MRTV မှ နံနက် ၁ဝ နာရီနောက်ပိုင်း ထုတ်လွှင့်နေသော ထုတ်လွှင့်မှု အားလုံးသည် အခြားနည်းလမ်းဖြင့်သာ ထုတ်လွှင့် ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ MRTV မှ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ မှ ၂၅ မိနစ်အထိ ရုပ်သံ ထုတ်လွှင့်မှု ပြတ်တောက် ခြင်းမှာ Fiber Network လိုင်းနှင့် ပတ်သက် သက်ဆိုင်မှု မရှိပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
- Zawgyi
Post a Comment