Header Ads




မူလလက်ရင်း Myanmar Daily Star ၏ စာမျက်နှာဖြစ်ပါသည်။

Tonics for Children ကလေးအားဆေး

၁။ မင်္ဂလာပါဆရာ သမီးလေးက ခြောက်လနဲ့ ငါးရက် ရှိပါပြီ အစားနည်းပြီး ညည ကောင်းကောင်းမအိပ်လို့ Appeton ဆေး ဝယ်တိုက်တာ ဆေးရောင်းတဲ့ဆိုင်က တနေ့ကို တစက် တိုက်ရမယ်ပြောပါတယ် ဆေးအညွှန်းထဲမှာ တနေ့ကို 1ML လို့ ညွှန်ထားပါတယ် ဆေးတိုက်တံမှာ 0.5 ml နဲ့ 1.0ml ဆိုပြီးပဲပါတယ် တခါတိုက် ဘယ်လောက်တိုက်ရမလဲသိပါရစေ 1ml ဆိုတာ 1.0ml ကို ပြောတာ ဟုတ်မဟုတ်လဲသိပါရစေ


၂။ မင်္ဂလာပါ ဆရာ။ သမီးလေးက ၁ နှစ်၂ လ ရှိပါပြီ။ နေ့စဉ် ထမင်း အခြား ဖြည့်စွတ်စာ ကျွေးရင်လဲ အစားတော်တော် နည်းနေပါတယ် ဆရာ။ မိခင်နို့ပဲ နေ့ည မပြတ် စို့နေလို့ပါ။ formula လဲ မသောက်ဘူးဆရာ။ ကလေး အစာစား ကောင်းမွန်ဖို့ နည်းလမ်းများ ညွှန်ကြားပေးပါဦး။ မိတ်ဆွေညွှန်းတဲ့ ELIXIR NEOGADINE ဆေးက အစာစားချင်စိတ် ဖြစ်အောင်ကလေးအတွက် သင့်တော်ပါသလားဆရာ။ လမ်းညွှန်ပေးပါဦး ဆရာ။ ဆရာ ကျမ်းမာချမ်းသာပါစေ။

၃။ သမီးကလေးက ၂ နှစ်နဲ့ ၂လကျော်ပါ။ ငယ်ငယ်ကတော်တော်လေးဝပါတယ်။ ခုပိန်နေပါတယ်ရှင့်။ အားဆေး တိုက်ချင်ပါတယ်။ ဘယ်လိုဆေးကကောင်းတယ်ဆိုတာ လမ်းညွှန်ပြပေးပါရှင့်။ ထမင်းလဲသိပ်မစားပါဘူး နို့လဲမပြတ်သေးပါဘူးရှင့်။

ဆေးနာမည်ခပ်ဆင်ဆင်တွေရှိတယ်။ မတူကြပါ။ ဆေးညွှန်းကိုဖတ်ပြီးသာ တိုက်သင့်တယ်။ ဂူဂယ်လ်မှာ အဲဒီနာမည်နဲ့ ဆေးတွေက အများကြီး။ ဆေးဆိုတာ ကြော်ငြာကောင်းတိုင်း ဆေးကောင်းမယ်လို့တော့ အာမမခံနိုင်။ အစာစားချင်စိတ် ပိုစေတဲ့ဆေးတွေက အိပ်ချင်စေတယ်။ ရက်ရှည်တော့ မသင့်ပါ။ လိုအပ်ရင် ရက်တိုတော့ရတယ်။

ကလေး ဉာဏ်ကောင်းဆေး၊ ကလေးအစာစားချင်တဲ့ဆေး၊ DHEA ဟာ သားအိမ်အားဆေးလားလို့ မေးကြတယ်။ ဉာဏ်ရည်ကောင်းတဲ့ဆေး မရှိပါ။ Vitamins and memory ဗီတာမင်တွေက မှတ်ဉာဏ် တိုးစေနိုင်သလားစာတပုဒ် တင်ထားတယ်။ အသက်အရွယ်အိုမင်းသူတွေအတွက်ပါ။ Cypon syrup (ဆိုက်ပွန်) ဆေးရည်နဲ့ Cyproheptadine ဝချင်လို့ပေးတဲ့ဆေးစာလည်းတင်ထားတယ်။ မေးခွန်ထဲကဆေးမျိုးဖြစ်တယ်။ တခါတလေသာ ရက်တိုတိုက်ရတဲ့ဆေး ဖြစ်တယ်။ ကလေးအစာစားစေတဲ့ဆိုပြီးမေးကြတဲ့ Lysine supplement လိုင်ဆင်းကိုလည်းရေးထားတယ်။ စာတွေအားလုံး ဘလော့မှာဖတ်နိုင်ပါတယ်။

DHEA ကဟော်မုန်းဆေးလို့ဆိုပါတယ်။ သစ်ပင်သစ်ရွက်တွေကနေ ထုတ်ယူထားတယ်။ ဆေးကြော်ငြာအဆိုအရ အသက်ကြီးလာသူတွေ၊ ကိုယ်အလေးချိန် ထိန်းချင်သူတွေကို သောက်ပါလို့ ဆေးညွှန်းကဆိုပါတယ်။ အရပ်ရှည်ဆေး မရှိပါ။ အသားဖြူဆေး မရှိပါ။ အမာရွတ်ပျောက်ဆေး မရှိပါ။ သားအိမ်အားဆေး မရှိပါ။ ဗဂျိုင်းနားကျဉ်းဆေး (ကန်တော့ပါ) မရှိပါ။ ဆောရီး။

ကလေးအများစုက ၆ လအထိဘာအပိုမှမလိုကြပါ။ တချို့ကလေးတွေကိုတော့ အားဆေးသောက်ဘို့ညွှန်ကြားပါမယ်။ အစားပျက်နေတဲ့ကလေး၊ ဗီတာမင်ချို့တဲ့နေတဲ့ကလေး၊ အစားရှောင်တဲ့ကလေး၊ အသားမစားတဲ့ကလေးနဲ့ ထမင်းဆီဆမ်းသာစားတဲ့ကလေးတွေတော့ လိုပါမယ်။


ဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရတဲ့ကလေးအားဆေး (ဆေးပြား၊ ဆေးရည်၊ အစက်ချဆေး) တွေဟာ အများအားဖြင့် စိတ်ချရပါတယ်။ ဒါပေမယ့် ဆေးဟာ ဆေးဖြစ်တယ်။ စနစ်တကျမသောက်တတ်ရင် ဘေးဖြစ်တယ်။ မလိုပဲသောက်ရင် အကျိုးမများပါ။ ဆေးတိုင်း ၁ဝဝ% ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများရှိတယ်။ များလို့ဒုက္ခပေးနိုင်တဲ့ဗီတာမင်တွေဆိုတာ (အေ)၊ (ဒီ)၊ (အီး) နဲ့ (ကေ) တွေဖြစ်တယ်။ အဲတာတွေကို ဆီမှာပျော်ဝင်တဲ့ဗီတာမင်တွေလို့ခေါ်တယ်။

ဗီတာမင်တွေအများကြီးသောက်ရင် စိတ်ပိုင်းဆိုင်ရာ အားနည်းစေနိုင်တယ်ဆိုတာရှိပေမယ့် သက်သေအထောက်အထား မပြည့်စုံပါ။ ဗီတာမင်တွေထဲမှာ (စီ) ကိုအများကြီးပေးလို့ရတယ်လို့ပြောနိုင်တယ်။ ဥပမာ အအေးမိခြင်းအတွက်။ ဒါပေမယ့် များလို့ ဝမ်းပျက်နိုင်တယ်။ ပျို့-အန်မယ်။ ကြွက်တက်မယ်။ ခေါင်းကိုက်မယ်။

ဗီတာမင် (အေ) = ရက်တီနော သည် ငါးကြီးဆီ၊ အသဲ၊ ဥ၊ နို့နဲ့ နို့ထွက်အစာများ၊ မုန်လာဥနီမှာ ပါတယ်။ အရေပြားနဲ့ အပေါ်ဖုံးလွှာများ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်များအသစ်ပြုပြင်ရန်၊ ခုခံအားကောင်းရန်၊ ကြက်မျက်သင့်ရောဂါ ကာကွယ်ရန်။ များရင်အဆိပ်သင့်သလိုဖြစ်တယ်။

ဗီတာမင် ဘီ ၁ (သိုင်ယာမင်း) သည် (ရိစ်)၊ ဥ၊ အသဲ၊ အစေ့-အဆံ၊ အသားတို့မှာ ပါဝင်တယ်။ (ဗယ်ရီဗယ်ရီ)ခေါ်ထုံနာ-ကျင်နာ ရောဂါကို ကာကွယ်သည်။ ဆန်စေ့၏ အပေါ်ယံလွှာမှာ ပါဝင်လို့ ရေခမ်းချက်စာပါ။

ဗီတာမင် ဘီ ၂ (ရိုင်ဘိုဖလေဗင်း) သည် နို့နဲ့ နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ် တို့မှာပါဝင်တယ်။ ချို့တဲ့ပါက ကျီးကန်းပါးစပ်နာဖြစ်စေတယ်။

ဗီတာမင် ဘီ ၆ (ပိုင်ရီဒေါက်ဆင်း) သည် အချို့ဆေးဝါးများကြောင့်၎င်း နည်းစေတယ်။ ဥပမာ တီဘီ ဆေး၊

ဗီတာမင် ဘီ ၉ (ဖေါလစ်အက်စစ်) သည် သွေးနီဥသန်စွမ်းစေရန် အသုံးဝင်တယ်။

ဗီတာမင် ဘီ ၁၂ (ကိုဘယ်လမင်း) သည် (ရိစ်)၊ နို့နဲ့ နို့ထွက်အစာများ၊ ဥ၊ အသဲ၊ ငါး၊ အသားတို့မှာ ပါဝင်တယ်။ ခန္ဓာကိုယ်ကြီးထွား စေရန်၊ (ဆဲလ်) တည်ဆောက်ရန်၊ သွေးနဲ့ အာရုံကြော ကောင်းစေရန်အတွက်ဖြစ်သည်။ ၎င်းနည်းပါက (ပါနီးရှပ်စ်) သွေးအားနည်းရောဂါဖြစ်စေတယ်။

ဗီတာမင် စီ (အက်စကောဗစ် အက်စစ်) စိမ်းသော အသီးအရွက်များ၊ အသီးအနှံများမှာ ပါဝင်နေသည်။ ချဉ်သောအသီးများ (သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး) အရိုး၊ သွား၊ သွားဖုံး၊ သွေးကြော၊ အရွတ် ကောင်းစေတယ်။ ခုခံအားလည်း ကောင်းစေတယ်၊ အနာကျက်စေတယ်။ ချို့တဲ့ပါက (စကောဗီ) ရောဂါ ရစေတယ်။

ဗီတာမင် ဒီ သည် ငါးကြီးဆီ၊ နို့ထွက်အစာများမှာ ပါဝင်တယ်။ နေရောင်ကြောင့် ဗီတာမင်အေမှ ဒီဖြစ်လာစေတယ်။ အရိုးတည်ဆောက်ရန် အသုံးကျသည်။ ချို့တဲ့ပါက Rickets အရိုးပျော့ရောဂါဖြစ်စေတယ်။

ဗီတာမင်အီးသည် အသီးအရွက်ကရသော ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့၊ ဥ၊ အစေ့အဆံများမှာ ပါဝင်နေသည်။ သွေးဥ၊ ကြွက်သား၊ အာရုံကြောများ အလုပ်ကောင်းစေရန် အသုံးကျသည်။

ဗီတာမင်ကေသည် အသီးအရွက်များမှာပါသည်။ သွေးတိတ်စေတယ်။

အစားအသောက် အစုံစားနေရင် ကလေး-လူကြီး အားဆေး မလိုကြပါ။ မစုံရင်တော့ လိုနိုင်တယ်။ အစုံစားဆိုတာ ထမင်း၊ ခေါက်ဆွဲ၊ ဆန်နဲ့ ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေ၊ ပဲ၊ ပဲသီး၊ အသား၊ ငါး၊ ဥ၊ အသီးအရွက်တွေ၊ အသီးနဲ့ နွားနို့နဲ့ နို့ထွက် အစားအသောက်တွေဖြစ်တယ်။ အားကစားလုပ်တဲ့ကလေးတွေကပိုလိုမယ်။ ဆိုင်မှာအလွယ်ဝယ်ရတဲ့ (ဖတ်စ်ဖုဒ်) သာ စားတဲ့ကလေးတွေက လိုမယ်။ ဗီတာမင်ဆေးရည်၊ ဆေးပြားတွေမှာ ကြော်ငြာကောင်းတိုင်း ကောင်းချင်မှ ကောင်းပါမယ်။ ကိုယ့်ကလေးမှာ ဘာဓါတ် လိုနေလည်းသိရမယ်။ အာဟာရဓါတ်တွေအကြောင်းနဲ့ ဗီတာမင်အကြောင်း စာတွေလည်း ဖတ်ပြီး လိုတာလိုက်နာပါ။ အများဆုံးလိုတတ်တာက ဗီတာမင်ဘီနဲ့ ကယ်စီယမ်ဖြစ်တယ်။ တချို့ကလေးတွေ ဗီတာမင်အေနည်းနည်းလိုကြတယ်။ မြန်မာပြည်မှာက သိတဲ့အတိုင်း အာဟာရနည်းကြလို့ သင့်တော်တဲ့အားဆေး လိုနိုင်တယ်။ ဆောရီး။

ကယ်လ်စီယမ် ကလေးတွေမှာ တနေ့
၁-၃ နှစ် = 700 milligrams of calcium daily
၄-၈ နှစ် = 1,000 milligrams of calcium daily
၉-၁၈ နှစ် = 1,300 milligrams of calcium daily
အသက် ၁ နှစ်ကနေ ၁၈ နှစ်အထိ နေ့စဉ် ဗီတာမင် D 600 IU ရသင့်တယ်။

ကြော်ငြာကောင်းတိုင်းတော့ ဆေးပိုကောင်းတာ မဟုတ်လောက်ပါ။ အဆန်းတွေ သတိထားပါ။

1. Cypon syrup (ဆိုက်ပွန်) ဆေးရည် http://doctortintswe.blogspot.com/2016/02/cypon-syrup.html
2. Supplementary foods ကလေးအတွက် ဖြည့်စွက်စာ https://doctortintswe.blogspot.com/2014/11/supplementary-foods.html
3. Tonics for Children ကလေးအားဆေး http://doctortintswe.blogspot.com/2017/06/tonics-for-children.html
4. Tonics အားဆေး http://doctortintswe.blogspot.com/2014/11/tonics.html

ဒေါက်တာတင့်ဆွေ
၂-၃-၂ဝ၁၈

No comments

ဝေဖန်အကြံပြုချက်များနဲ့ လူကြီးမင်းတို့ရဲ့ ထင်မြင်ချက်များအတွက် ကျေးဇူးတင်ပါသည်။